လူမှုရေး၊ နိုင်ငံရေး ခယောင်းလမ်းပေါ်မှာ (၁၄)

စိုင်း(မန်း)

ရေးသားသည်။

တောပန်းလေးတွေ အစွမ်းကုန်ပွင့်လန်းကြစေဖို့

 

၁၉၇၂ခု မန္တလေးတိုင်းအတွင်း ပုသိမ်ကြီးမြို့နယ်လုံး ကျွတ် စာမတတ်သူ ပပျောက်ရေးစီမံကိန်း ‘အ’ သုံးလုံးမှာ သက်ကယ်ကျင်းကျေးရွာအတွက် တာဝန်ခံဆရာအဖြစ် ဝင် ရောက်လုပ်ကိုင်ခဲ့တဲ့ အတွက် သက်ကယ်ကျင်း ကျေးရွာရဲ့ ပညာရေးလိုအပ်ချက် ကြီးမားနေကြောင်း ကောင်းစွာသိ လိုက်ရပါတယ်။ ဒီအတွက် ကန်ကြီးရွာ ကိုယ်ထူကိုယ်ထ ကျောင်းလေး တရားဝင် မူလတန်းကျောင်း ဖွင့်ခွင့်ရပြီး တဲ့နောက်မှာသက်ကယ်ကျင်းရွာပညာရေးအတွက်ကျွန်တော်ပြောင်းရွှေ့တာဝန်ယူလိုက်ပါတယ်။

 

ကန်ကြီးရွာလိုပဲ ကျောင်းဖွင့်ရာသီမှာ ညကျောင်းဖွင့် ကျောင်းလိုက်နိုင်တဲ့ ကလေးတွေကို ကျွန်တော်နဲ့ အတူ ရုံးပင်ကျောင်းကိုခေါ်သွားပြီး စာသင်ပေး၊ နွေကျောင်းပိတ် ရက်တွေမှာတော့ သက်ကယ်ကျင်းမှာ နေ့ကျောင်းရော ညကျောင်းပါ ဖွင့်ပြီး အသက်အရွယ်မရွေး၊ စာရေးစာဖတ်နဲ့ အတွက်အချက် ဂဏန်း သင်္ချာ သင်ပေးပါတယ်။ တစ်ဖက် ကလည်း လူငယ်တွေအတွက် ဘောလုံးအသင်းတည် ထောင်ပေးပြီး စာဖတ်အသင်းနဲ့ ရပ်ရွာသာမှု နာမှုအသင်း ဖွဲ့ကာ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လာအောင် စည်းရုံး ဦးဆောင်ပေးနေရပါတယ်။ သူတို့ကိုယ်တိုင် ရပ်ရေး ရွာရေး တွေမှာ တက်တက်ကြွကြွနဲ့ ဦးစီး ဦးဆောင်လုပ်နိုင်ကြဖို့ အတွက် ပြုစုပျိုးထောင်ပေးတာပါပဲ။

 

နောက်ပိုင်း ကျောင်းဖွင့်ရာသီတွေမှာပါ သက်ကယ် ကျင်းရွာမှာ ကိုယ်ထူ ကိုယ်ထ နေ့ကျောင်း လေးဖွင့်နိုင် အောင်လို့ မန္တလေးမှာရှိတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ ကို အကူအညီတောင်းပြီး ကြိုးစားရပါတယ်။ အထူးသဖြင့် စာသင်ကြားပေးမယ့် လုပ်အားပေးဆရာ လိုအပ်ချက်ပါပဲ။ အဲဒီကွက်လပ်ကို မန္တလေးက မိတ်ဆွေတစ်ဦးရဲ့သား ကိုဇော်ဝင်းနဲ့၊ ကျွန်တော် ကားဂိတ်တွေမှာ ဈေးရောင်းစဉ် က ခင်မင်ခဲ့တဲ့ ကနီနယ်က ကိုဥာဏ်ထွန်းတို့က ကူညီကြတဲ့ အတွက် သက်ကယ် ကျင်းမှာ ကိုယ်ထူ ကိုယ်ထကျောင်း လေး အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ကျွန်တော့် အတွက် တော့ တောကြား တောင်ကြားက တောပန်းလေး တွေ အစွမ်းကုန်ပွင့်လန်းကြစေဖို့ ရေလောင်း ပေါင်းသင် မြေတောင် မြှောက်ပေးကြမယ့် ဥယျာဉ်မှူးတွေ အကူအညီ ရလိုက်တာပါပဲ။ သူတို့ အကူအညီနဲ့ သက်ကယ်ကျင်းရွာ လေးမှာ နေ့နေ့ညည စာဖတ်သံ စာအံသံတွေ တညံညံနဲ့ လွင့်ပျံနေခဲ့ဖူးပါတယ်။ သက်ကယ်ကျင်းရွာ အနာဂတ် ပညာရေးအတွက် အားတက်စရာ။

 

 

ကလေးတစ်သိုက်နဲ့ ကျောင်းသွားကျောင်းပြန်

 

ကျွန်တော်တာဝန်ကျတဲ့ ရုံးပင်ရွာကျောင်းနဲ့ ကန်ကြီး ရွာညကျောင်းအသွားအပြန်ခရီးလမ်းရဲ့ကြမ်းတမ်း ခက်ခဲ ပုံကို ရှေ့ပိုင်းမှာ အနည်းအကျဉ်း တင်ပြခဲ့ပြီးပါပြီ။ အဲဒီထက် တောခေါင်ပြီး  ပိုဝေးတဲ့ သက်ကယ်ကျင်းရွာခရီးက ပိုပြီး ခက်ခဲကြမ်းတမ်းလှပါတယ်။ သက်ကယ်ကျင်းရွာ ရောက်စ ကိုယ်ထူ ကိုယ်ထကျောင်းလေးမဖွင့်နိုင်ခင် ကျောင်းလိုက်နိုင် တဲ့ ကျောင်းသူ ကျောင်းသားများနဲ့ နေ့စဉ် မနက်သွား ညပြန် ကျောင်းတက်ခဲ့ရတဲ့အကြောင်း အနည်းငယ် တင်ပြ ပါဦးမယ်။ အခြေအနေမှန်ကို မှန်းဆကြည့်နိုင်စေဖို့ပါ။

 

ရုံးပင်ကျောင်းနဲ့ သက်ကယ်ကျင်းညကျောင်းကို တစ် နာရီကျော်လောက်သွားရပါတယ်။ လမ်းခရီးတစ်လျှောက် လုံး ချုံနွယ် ပိတ်ပေါင်းတွေကြား ဝါးရုံတန်းတွေကြား၊ ရွှံ့နွံ တွေကြား၊ နွေမှာသဲထူ၊ မိုးနဲ့ဆောင်းမှာ စမ်းချောင်းပေါက် နေတဲ့ လှည်းလမ်းနဲ့ လယ်ကန်သင်းတွေ၊ ယာတောတွေ ကြားထဲ သွားကြရတာဖြစ်ပါတယ်။ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ နေပြောက်မထိုးတဲ့သစ်တော ဝါးရုံတောကြီးတွေထဲက ဖြတ် သွားရပါသေးတယ်။

 

တစ်ခါတလေ မိုးကြီးပြီး တောင်ကျရေတွေဆင်း လာလို့ လယ်ကွင်းတွေ၊ကန်တွေ ရေလျှံပြီဆိုရင် တော့ကြီးတဲ့ ကလေးတွေလက်တွဲ၊ ငယ်တဲ့ကလေးတွေ တစ်ဦးချင်း ကျောပိုးပြီး ရေလွတ်ရာဘက်ကို ရွှေ့ပေးရတဲ့ အကြိမ်တွေ လည်း အများကြီး ကြုံခဲ့ရဖူးပါတယ်။ သူတို့ ကျောင်းလွယ် အိတ်တွေ ထမင်း ချိုင့်တွေ စုပြုံပြီး သယ်ယူပေးခဲ့ရတာ လည်း အကြိမ်ကြိမ်ပါပဲ။ ဒါပေမယ့် အဲဒီ ခရီးကြမ်းတွေနဲ့ အခက် အခဲတွေက ကျွန်တော့်ရဲ့ ပရဟိတ လူမှုရေးစိတ်တွေ ကို လှုပ်ခတ်ဟန့်တားနိုင်စွမ်း မရှိခဲ့ကြပါဘူး။

 

ကျွန်တော်ကတော့ ကျွန်တော့်တပည့်ငယ် ကလေး တစ်သိုက်နဲ့ သဘာဝပတ်ဝန်းကျင်က တောတောင် ရေမြေ အလှအပတွေ ငေးမောရင်း သဘာဝတရားကြီးက လက် ဆောင်ပေးတဲ့ ဆီးသီးတွေ၊ ခံသီးတွေ ခူးဆွတ်စားသောက် ကြရင်း သဘာဝက ဖူးပွင့်ပေးတဲ့တောပန်း တောင်ပန်းတွေရဲ့ ပန်းရနံ့တွေကို ရှူရှိုက်ရင်းနဲ့ ပင်ပန်းမှုနဲ့ ခက်ခဲကြမ်းတမ်းမှု တွေကို ကျော်ဖြတ်ခဲ့တာပါပဲ။

 

လုပ်ချင်ကိုင်ချင်တဲ့ အများအကျိုးဆောင်ရွက်ချင်တဲ့ ဆန္ဒနဲ့ လုပ်ချင်၊ ကိုင်ချင်စိတ်ရှိနေရင် မပြီးမြောက်နိုင်တဲ့ အရာ မရှိဘူးလို့ ကျွန်တော်တို့ရဲ့ ဘုရားရှင်က ဟောကြား ထားခဲ့တာပဲလေ။ အဲဒီ စိတ်ဆန္ဒတွေနဲ့ ခက်ခဲကြမ်းတမ်းမှု မှန်သမျှကို ကျော်ဖြတ်အောင်မြင်ခဲ့ဖူးပါတယ်။

 

သက်ကယ်ကျင်းရွာကျောင်းလေးလည်း သုံးလေးနှစ် အကြာမှာ တရားဝင် အစိုးရမူလတန်း ကျောင်းလေး ဖွင့်ခွင့် ရသွားပါတယ်။

 

တစ်ချက်ခုတ် နှစ်ချက်ပြတ်

 

သက်ကယ်ကျင်းရွာလေးမှာ ညကျောင်းဖွင့်ရင်း နေ့ကျောင်းလိုက်နိုင်တဲ့ကလေးတွေကို ကျွန်တော်နဲ့ အတူ တာဝန်ကျရာကျောင်းမှာ ခေါ်သင်ခဲ့ရာက သက်ကယ် ကျင်းရွာမှာတင် နေ့ကျောင်းရော ညကျောင်းပါ သင်နိုင်မယ့် ကိုယ်ထူ ကိုယ်ထကျောင်းလေးဖွင့်ဖြစ်ပါတယ်။ အကြောင်း ကတော့ ကျွန်တော်နဲ့အတူ နေ့ကျောင်းကို လိုက်မသင်နိုင် တဲ့ ကလေးငယ်တွေအများအပြားရှိနေကြလို့ပါပဲ။ အဓိက ကတော့ ဆင်းရဲတွင်းနက်တာပါပဲ။ ကျောင်းစာအုပ်နဲ့ စာရေးကိရိယာဖိုး မကုန်အောင် တာဝန် ယူပေမယ့် နေ့စဉ်  ထမင်းထုပ်ဖို့ကို အဆင်မပြေတဲ့ မိသားစုတွေက အများစု ဖြစ်နေကြတာပါ။ အဲဒီအတွက်တော့ ကျွန်တော်လည်း မတတ်နိုင်ပါဘူး။ အဲဒီ အခက်အခဲကို ကျော်လွှားဖို့အတွက် သက်ကယ်ကျင်းရွာမှာပဲ ကိုယ်ထူ ကိုယ်ထနေ့ကျောင်းဖွင့် နိုင်အောင် အားထုတ်ရပါတော့တယ်။ ပထမဆုံး အလုပ်က စာသင်ပေးမယ့် လုပ်အားပေးဆရာရှာရတာပါ။ ကံအား လျော်စွာ ကျွန်တော့် မိတ်ဆွေရဲ့ သားတစ်ယောက်ကို ရလိုက်ပါတယ်။ သူကလည်း သူ့အကြောင်းနဲ့သူပါပဲ။ အဲဒီ အကြောင်းကို အနည်းငယ်တင်ပြချင်တာပါ။

 

ကျွန်တော့်မိတ်ဆွေက မန္တလေးပြည်သူ့ဘဏ်(၁)က ဝန်ထမ်းဖြစ်ပါတယ်။ သူ့သားအကြီးဆုံးက အထက်တန်း ကျောင်းသားဘဝမှာပဲ မူးယစ်ဆေးဝါး(ဘိန်းဖြူနံပါတ်ဖိုး) သုံးစွဲနေပါတယ်။ အဲဒီအခြေအနေကို ထိန်းသိမ်းကုစားနိုင်ဖို့ အတွက် သူ့ကို ကျွန်တော့်ဆီ ပို့ထားချင်တာပါ။ မူးယစ် ဆေးဝါးသုံးစွဲနေကြတဲ့ သူ့အသိုင်းအဝိုင်းနဲ့ အဆက်ဖြတ်ပြီး ပတ်ဝန်းကျင်သစ်ကို ပြောင်းလဲနေစေချင်တဲ့သဘောပါပဲ။ ကျွန်တော့်အတွက်ကလည်း အတော်အဆင်ပြေပါတယ်။ သက်ကယ်ကျင်း ကိုယ်ထူ ကိုယ်ထကျောင်းလေးအတွက် လုပ်အားပေးဆရာလိုနေတာနဲ့ အံဝင်ခွင်ကျပါပဲ။ကျွန်တော် သူ့ကိုလိုလိုလားလားနဲ့ ခေါ်ယူပြီး သက်ကယ်ကျင်းကိုယ်ထူ ကိုယ်ထကျောင်းလေးမှာ စာသင်စေပါတယ်။ ညပိုင်းမှာ လည်း ကျွန်တော်နဲ့အတူ စာသင်အတူအိပ်ပြီး စိတ်ပိုင်းဆိုင် ရာကို ပြုစုပျိုးထောင်ပေးရပါတယ်။ စာဖတ်ဝါသနာပါဖို့ လည်း လမ်းခင်းပေးရပါသေးတယ်။

 

ကျွန်တော်နဲ့အတူ နေ့ကျောင်းလိုက်သင်ဖို့ ထမင်း ထုပ်စရာမရှိတဲ့အတွက် ကျောင်းမလိုက်နိုင်တဲ့ ကလေးငယ် အများစုအတွက်လည်း အဆင်ပြေသွားပါတယ်။ ကိုယ့်ရွာ ကိုယ့်ကျောင်းမှာတင် ကျောင်းတက်ရတာဖြစ်တဲ့အတွက် အခက်အခဲ သိပ်မရှိကြတော့ပါဘူး။ လုပ်အားပေးနေတဲ့ ကျွန်တော့်မိတ်ဆွေရဲ့သား ကိုဇော်ဝင်းလေးလည်း ပတ်ဝန်း ကျင်သစ်မှာ စိတ်သစ် လူသစ်နဲ့ ပျော်မွေ့နေပါတယ်။ တကယ်လည်း မူးယစ်ဆေးစွဲတဲ့ဘဝက လွတ်မြောက်သွား ပါတယ်။

 

ကျွန်တော့်အဖို့တော့ လိုအပ်နေတဲ့ ကိုယ်ထူ ကိုယ်ထ ကျောင်းလေးလည်း ဖွင့်ဖြစ်၊ ကျွန်တော့်မိတ်ဆွေရဲ့သား မူးယစ်နွံတွင်း သက်ဆင်းနေတဲ့ လူငယ်လေးရဲ့ဘဝကို လွတ် မြောက်စေခဲ့တဲ့အတွက် တစ်သက်နဲ့တစ်ကိုယ် ဝမ်းမြောက် ဝမ်းသာ အလွန်ဖြစ်ရပါတယ်။ ဒါကမှ တကယ့် တစ်ချက် ခုတ် နှစ်ချက်ပြတ် အခြေအနေမျိုးပါပဲ။

 

 

အစွဲအလမ်းကြီးလွန်းစေတဲ့ မူးယစ်ဆေး(ဘိန်းဖြူ)

 

ကျွန်တော့်မိတ်ဆွေရဲ့သား သက်ကယ်ကျင်း ကိုယ်ထူ ကိုယ်ထကျောင်းက လုပ်အားပေးဆရာလေး ကိုဇော်ဝင်း ပြောပြတဲ့ အစွဲအလမ်းကြီးလွန်းစေတဲ့မူးယစ်ဆေး (ဘိန်းဖြူ) အကြောင်းကြားရတာ အလွန်ကြောက်စရာကောင်းလှပါ တယ်။ မူးယစ်ဆေးသုံးစွဲရတဲ့အရသာ(စိတ်ခံစားမှု)က ဘယ်အရာ နဲ့မှ နှိုင်းယှဉ်လို့မရဘူးလို့ဆိုပါတယ်။ လောကမှာ အဲဒီအရသာက အကောင်းဆုံးလို့ ခံယူထားကြ ပါသတဲ့။ မူးယစ်ဆေး(ဘိန်းဖြူ)သုံးစွဲပြီး ဈာန်ဝင်နေတဲ့သူ တစ်ယောက် ရဲ့အနားမှာ ဘယ်လောက် ချော၊ ဘယ်လောက်လှတဲ့ မိန်းက လေး၊ ဒါမှမဟုတ် ရုပ်ရှင်မင်းသမီးဖြစ်ပါစေ ဘယ်သူပဲလာ လာ စိတ်ဝင်စားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီအချိန်မှာ သူ့ကို ဘယ်သူကပဲ ရန်ပြုပြု သိပ်မှုနေမှာမဟုတ်ဘူးလို့ လည်းဆိုပါတယ်။ သူ့ ဖီလင်နဲ့ သူ့အရသာနဲ့သူ ကျေနပ် နေမှာပါပဲတဲ့။

 

အခု သူ့လိုပဲ လက်လှမ်းမမီ အဆက်ဖြတ်ထားလို့ တဒင်္ဂပြတ်နေပေမယ့် အဲဒီအသိုင်းအဝိုင်းနဲ့တွေ့ရင် အဲဒီ ပစ္စည်း(ဘိန်းဖြူ)နဲ့တွေ့ရင် တွေ့တဲ့နေရာမှာ အချိန်မရွေး၊ ပြန်သုံးစွဲမိမှာပါပဲလို့လည်း ကိုဇော်ဝင်းက ပြောပြပါတယ်။ အဲဒီလောက်ကို လူ့ရဲ့စိတ်ကို အစွဲအလမ်းကြီးစေလွန်းတဲ့ မူးယစ်ဆေးဝါး (ဘိန်းဖြူ)စတဲ့ ဘယ်လို မူးယစ်ဆေးဝါးမျိုး မဆို ကျွန်တော်တို့ဝန်းကျင်က လူငယ်တွေအစမပြုမိအောင် အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဝိုင်းဝန်းတားဆီးကြ ရပါလိမ့်မယ်။

 

 

မူးယစ်ဆေး သားကောင်ဘဝက လွတ်မြောက် သွားတဲ့ ကျွန်တော့်ဆရာ

 

သက်ကယ်ကျင်း ကိုယ်ထူ ကိုယ်ထကျောင်းလေးက လုပ်အားပေးဆရာလေး ကိုဇော်ဝင်းတစ်ယောက် ပရဟိတ လူမှုရေးဘဝထဲမှာ ပျော်မွေ့ရင်း၊ စာပေတွေကို အပတ် တကုတ် ဖတ်ရှုရင်းနဲ့ ကိုယ့်ကိုယ်ပိုင်အသိစိတ်ဓါတ်ကို ထူ ထောင်ရင်း မူးယစ်ဆေးနွံတွင်းက တကယ်လွတ်ကင်း သွား ခဲ့ဖူးပါတယ်။

 

ကျွန်တော်ကို သစ်လုပ်ငန်းထဲမှာ လုပ်အားပေးဖြစ် အောင် ခေါ်သွားပြီး သစ်တန်တွက်တွေကို သင်ပေးခဲ့တဲ့ ကျွန်တော့်ဆရာ ကိုတင်ဆွေလည်း မူးယစ်ဆေး သား ကောင်ဘဝက လွတ်မြောက်ခဲ့ဖူးပါတယ်။ သူက ကိုဇော်ဝင်း ထက်ပိုပြီး ဝါရင့်ပါတယ်။ ကိုဇော်ဝင်းက မူးယစ်ဆေးစွဲကာစ ကျွန်တော့်ဆရာက ပထမအရက်၊ နောက်တော့ ဆေး ခြောက်၊နောက်တစ်ဆင့် ဘိန်းမည်း၊နောက်ဆုံးအဆင့်ဘိန်းဖြူ စသည်ဖြင့် အဆင့်ဆင့်တက်ပြီး သုံးစွဲရင်း မူးယစ်ဆေးကို မသုံးစွဲရရင် မနေနိုင်လောက်အောင် စွဲလမ်းနေသူဖြစ်ပါ တယ်။ အဲဒီအတွက်လည်း သူ့အိမ်က သူ့လက်တစ်ကမ်းမှာ ဘယ်နေရာကပဲလှမ်းယူယူ ဘိန်းဖြူက အဆင်သင့် ရှိနေ အောင်ဝယ်ထား တာပါ။ သူလိုတဲ့အချိန် အချိန်မရွေး သုံးလို့ ရနိုင်တဲ့ အခြေအနေမျိုးပါ။ ဆရာက သစ်လုပ်ငန်းမှာ လုပ်တဲ့အတွက်လည်း လက်ဖျားမှာ ငွေသီးနေတဲ့ကာလ ဖြစ်ပါတယ်။

 

အဲဒီအချိန်က မဆလခေတ် အရိုးရင့်ပြီး ပြည်တွင်း မှာ စားဝတ်နေရေး အခက်အခဲကြောင့် အလုပ် သမားတွေ၊ လယ်သမားတွေနဲ့ မြို့နေ တောနေ ဆင်းရဲသားတွေ မကျေ မနပ်ဖြစ်နေကြတဲ့အချိန်ပါပဲ။ ဒါကြောင့်လည်း လူငယ်မျိုး ဆက်တွေ နိုင်ငံရေးဘက်မပါလာအောင် တစ်ဖက်က မူးယစ် ဆေးဝါး တွေကို လွတ်လွတ်လပ်လပ် ကြိုက်သလို သုံးစွဲခွင့်ရ အောင် လမ်းဖွင့်ထားတဲ့အချိန်လည်းဖြစ်ပါတယ်။

 

ဒါကြောင့်လည်း ကျွန်တော့်ဆရာရဲ့အိမ်မှာ အချိန်မရွေး သုံးနိုင်လောက်အောင် လက်တစ်ကမ်းမှာထား နိုင်တာဖြစ်ပါတယ်။ အဲဒီအခြေအနေမျိုးမှာပဲ ဆရာက မူးယစ်ဆေး (ဘိန်းဖြူ)ကို ဖြတ်ဖို့ ဆုံးဖြတ်လိုက် ပါတယ်။ မြစ်ရေကြီးချိန်မှာ ဆရာ့အိမ်အောက်ကို ရေဝင်ပါတယ်။ အဲဒီရေထဲကို ဆရာသုံးဖို့ ဝယ်ထားတဲ့ ဘိန်းဖြူတွေ အကုန် လုံး ချပစ်လိုက်ပြီး လုံးဝ မသုံးစွဲဘဲ အစိမ်းဖြတ်  ဖြတ်ပစ် လိုက်ပါတယ်။

 

မကြာခင်မှာပဲ ဆရာ အိပ်ရာထဲမှာလဲပြီး သေလု မျောပါး ခံစားနေရပါတယ်။ ဆရာရဲ့ အမေနဲ့ အမျိုးသမီး က တဖြည်းဖြည်းချင်း မျှင်းဖြတ်ဖို့ တိုက်တွန်းကြပါတယ်။ နည်းနည်းပြန်သုံးဖို့လည်း အားပေးနေကြပါတယ်။ ဒါပေ မယ့် ကျွန်တော့်ဆရာက ဒီဘိန်းဖြူကို ပြန်သုံးမှ အသက်ရှင် မယ်ဆိုရင်လည်း အသက်မရှင်ချင်တော့ဘူး။ လုံးဝလည်း မသုံးတော့ဘူး သေချင် သေပါစေတော့လို့ပဲ စိတ်ကို ခိုင်ခိုင်ထားပြီး ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

 

နောက်ဆုံးတော့ တစ်ဖြည်းဖြည်းနဲ့ ဆရာ နေပြန် ကောင်းလာပါတယ်။ မူးယစ်ဆေး(ဘိန်းဖြူ)ရဲ့ သားကောင် ဘဝကလည်း လွတ်မြောက်သွားပြီး အသက်ထက်ဆုံး လူကောင်း သူကောင်းဘဝနဲ့ နေသွားနိုင်ပါတယ်။

 

အရက်၊ ဆေးလိပ်၊ ကွမ်းယာ၊ မူးယစ်ဆေး(ဘိန်းဖြူ) ဘယ်အရာဖြစ်ဖြစ် ကိုယ့်စိတ်က တကယ်ဖြတ်ချင်စိတ်နဲ့ ပိုင်းဖြတ်ချက်ရှိရှိ ဖြတ်နိုင်ကြရင် လုံးဝပြတ်နိုင်တဲ့အကြောင်း ကျွန်တော့်ဆရာက လက်တွေ့ နမူနာကောင်း ပြသသွား ကြောင်းပါ။

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: